မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ကြီးမှူးကျင်းပနေသော အကြိမ် (၂၀)မြောက် သုတေသနညီလာခံကို Videoconference စနစ်ဖြင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာ သက်လွင်တို့က အဖွင့်အမှာစကားပြောကြားပြီး စီးပွားရေးဘာသာရပ် အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး(ငြိမ်း) ဒေါက်တာဦးလှမောင်က သုတေသနဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ် သိန်းငါးဆယ်ကို မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့သို့ လှူဒါန်းပြီး ငွေပဒေသာပင် စိုက်ထူခဲ့ပါသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ ပညာရှင်ညီနောင်အဖွဲ့ ဥက္ကဋ္ဌများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စာတမ်းရှင်များ၊ လေ့လာသူများမှ Online ဖြင့်တက်ရောက် ခဲ့ကြပါသည်။