၁၉ ကြိမ်မြောက် အာရှသိပ္ပံညီလာခံ 19th Science Council of Asia SCA 19 ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် နံနက် (9:00) နာရီ နေပြည်တော် Grand Amara Hotel ပင်းယခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အာရှသိပ္ပံကောင်စီကို သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင် အဖွဲ့သည် SCJ အဖွဲ့နှင့် ၂၀၁၂ ခုနှစ်တွင် အဆက်အသွယ်ရရှိခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့သည် ဂျပန်သိပ္ပံကောင်စီ (SCJ) နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာရှသိပ္ပံကို အစဉ်အလာအရ အဖွဲ့ဝင်နိုင်ငံအဖွဲ့အစည်းများက အိမ်ရှင်အဖြစ်အလှည့်ကျင်းပခွင့်ရကြောင်း ၁၉ ကြိမ်မြောက် ညီလာခံကို မြန်မာနိုင်ငံ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း မြင့်မားရေးတို့အတွက် အားသွန်ခွန် စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မြင့် ပညာကဏ္ဍတွင် သုတေသနဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အာရှသိပ္ပံကောင်စီအဖွဲ့ဝင် ၁၈ နိုင်ငံမှ အဖွဲ့ဝင် ၃၂ ဖွဲ့နှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပညာရပ်နှင့် အတွေ့အကြုံဖလှယ်ခြင်းအလေ့အကျင့်ကောင်းများကို မျှဝေပေးခြင်းတို့အား အသိအမှတ်ပြု ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို ပြည့်မီနိုင်စေရန်အတွက် မြန်မာနိုင်ငံဝိဇ္ဇာ နှင့်သိပ္ပံပညာရှင်အဖွဲ့အနေဖြင့် အာရှသိပ္ပံကောင်စီနှင့် ဆန်းသစ်တီထွင်မှုနယ်ပယ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဤညီလာခံတွင် ပညာရှင်များက မိမိတို့၏ ပညာရပ်အမြင်များကို အာရှဒေသရှိ အဓိကပြဿနာများကိုပါ ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ထို့နောက် တရုတ်နိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ Dr. Wang Xi က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဉက္ကဌ ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပါသည်။ ဆက်လက်၍ အာရှဖွံ့ဖြိုးမှုဘဏ် ဒုတိယဉက္ကဌ Dr. Bambang Susantono နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ ဉက္ကဌအဖြစ် ပထမဦးဆုံး တာဝန်ယူခဲ့သော ဒေါက်တာ သန်းဦးက ဉယျောဇဉ်နှုတ်ခွန်းဆက်စကား အဖြစ် Keynote Speech များကို မြွက်ကြားကြပါသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကြပြီး သက်ဆိုင်ရာအခန်းအသီးသီး၌ သုတေသီဧည့်သည်တော်များနှင့် မြန်မာပညာရှင်တို့က စာတမ်းများကို အစီအစဉ်အတိုင်း ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။